တရုတ်လောပန်းပြောတဲ့ မီယမ်မာပြည်မှာနေပြီး ကျောက်မလုပ်ရင် ဂေါက်မရိုက်ရင် အရူးပဲဆိုတာ

လွန်ခဲ့တဲ့နှစ်၂၀လောက်က လောပန်းတစ်ယောက်ဆီ ကျောက်သွားရောင်းတုန်း ပြောသံကြားဖူးတာရယ် စာပေဗဟုသုတကြွယ်ဝတဲ့ စီနီယာမိတ်ဆွေကျောက်သမားတချို့ပြောသံကြားခဲ့ဖူးတာရယ်ကို ပြန်ပြီးမျှဝေပေးချင်ပါသေးတယ်။

“ကျောက်လုပ်ပြီး ချမ်းသာတာမချမ်းသာတာ အပထား ကျောက်သမားဖြစ်နေရတာကို ဂုဏ်ယူတယ်”ဆိုပါလား။ဘာကြောင့်များလဲလို့ ဆက်နားထောင်ကြည့်တော့- -“ငါ့ညီတို့စဉ်းစားကြည့်ကြလေ-ကမ္ဘာပေါ်မှာ ကျောက်စိမ်းထွက်တာဆိုလို့ တို့မြန်မာနိုင်ငံပဲရှိတာ။မြန်မာနိုင်ငံထဲမှာတောင်မှ ဖားကန့် ခန္တီးနဲ့နမ့်ချီ ဆိုတဲ့နေရာကျဉ်းကျဉ်းလေးမှာပဲ ထွက်တာဟ။ကျောက်ထွက်တဲ့မှော်နယ်မြေမှာ နေထိုင်ကြသူတိုင်းလည်း ကျောက်သမားဖြစ်ကြတာမဟုတ်ဘူး-ပါရမီ ပါသူမှကျောက်သမား ဖြစ်ကြတာကွ”တဲ့လေ။ပြီးတော့ ကျောက်ဆိုတာထိုက်သူသာရတတ်တာနဲ့ တခြားကျောက်နဲ့ပတ်သက်ပြီး ဂုဏ်ယူစရာတွေကို အများကြီးပြောကြသေးတာပေါ့။စီနီယာကျောက်သမားကြီးတွေ ပြောတာကိုသဘောကျလိုက်နာပြီး ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလို့ ကြိုးစားလိုက်တာ အညတရတောသားလေးကျွန်တော် ကံကောင်းထောက်မစွာနဲ့ မြို့ပေါ်ခြေချနိုင်ခဲ့ပါရောလားဗျာ။

တရုတ်ပြည်ကပေါက်ဖော်ကြီး “တာလောပန်း”တွေရဲ့ ပြောဆိုသံကိုလည်း တဆင့်ကြားဖူးခဲ့ရတာ ရှိသေးတယ်။တာလောပန်းက ဘယ်လိုပြောသလဲဆိုတော့- -“မီယမ်မာပြည်မှာနေပြီး ကျောက်မလုပ်ရင် ဂေါက်မရိုက်ရင် အရူးပဲ”တဲ့ဗျာ။ဘာကြောင့်လဲဆိုရင် ကျောက်စိမ်းရတနာဆိုတာ ကမ္ဘာပေါ်ကမီယမ်မာရဲ့ နေရာနည်းနည်းလေးမှာပဲထွက်တဲ့ ရှားပါး ထူးခြားတဲ့ ရတနာတစ်မျိုးပါတဲ့။သူတို့ဆီကတချို့ပေါက်ဖော်ကြီးတွေဆိုရင် မီယမ်မာပြည်မှာကျောက်လုပ်ချင်လွန်းလို့ မှတ်ပုံတင်အတုမဟုတ် အစစ်မဟုတ်တစ်ခုကို သိန်းငါး ခြောက်ဆယ်နဲ့ပေးဝယ်ပြီး နေကြရပါသတဲ့။ဒီကြားထဲ ဟိုရစ် ဒီရစ်လူမျိုးနဲ့တွေ့ရင် ပုန်းတဲ့အခါပုန်း ပေးတဲ့အခါပေးနဲ့ မီယမ်မာမှာ ကျောက်သမားလုပ်နေကြရတာ ဆိုပဲ။ပေါက်ဖော်လူမျိုးဆိုတာက ကျောက်စိမ်းရတနာကို မြတ်မြတ်နိုးနိုးနဲ့တန်ဘိုးထားပြီး ဝတ်ဆင်ရခြင်းကိုဂုဏ်ယူကြသလို ကျောက်စိမ်းကိုကိုင်တွယ်ထိတွေ့နေရတဲ့ ကျောက်သမားဖြစ်ရတာကိုလည်း ဂုဏ်ယူတတ်ကြတယ်လေ။ကိုယ့်အနီးနားမှာရှိပြီး လွတ်လွတ်လပ်လပ်လုပ်လို့ ကိုင်လို့ရနေတဲ့မီယမ်မာပြည်က မြန်မာအများစု ကျောက်မလုပ်ကြတာကို ရူးများရူးကုန်ကြသလားဆိုပြီး အံ့ဩရပါသတဲ့ဗျာ။

ဂေါက်ရိုက်ကစားဖို့ ကွင်းဝင်ကြေးပေးရတဲ့နေရာမှာလည်း ကမ္ဘာပေါ်မှာမီယမ်မာကွင်းက ဈေးအပေါ့ဆုံးနဲ့အသက်သာဆုံးပါပဲတဲ့။တခြားနိုင်ငံတွေနဲ့ အဆပေါင်း သုံးလေးဆယ်မက ကွာဟတယ်ဆိုပဲလေ။ပေါက်ဖော်ကြီးတာလောပန်းရဲ့ ပြောစကားကိုကြားယောင်လို့ “အင်း- -ငါလည်းအရူးမဖြစ်အောင်တော့ ဂေါက်လေးဘာလေးရိုက်အုံးမှပါ”ဆိုပြီး ဂေါက်အိတ်ဝယ်လို့ တစ်လလောက်သွားပြီးစမ်းရိုက်ကြည့်လိုက်ပါသေးတယ်။ပြီးတော့မှဂေါက်မရိုက်လို့ အရူးထင်ချင်ထင်ပါစေတော့ ကျောက်လုပ်ပြီးမရူးရင် ကျေနပ်ပြီဆိုပြီး ဒီနေ့ထိဂေါက်မရိုက်ဖြစ်တော့ပဲ ကျောက်သမားအနေနဲ့ဂုဏ်ယူ ကျေနပ်နေလိုက်တော့တယ်လေ။

ဧရာဝတီတိုင်းရဲ့နယ်နမိတ်အဝင်မှာ “ရိုးသား ကြိုးစား ဧရာဝတီသား”ဆိုပြီးဆိုင်းပုဒ်အကြီးကြီးနဲ့ ဧရာဝတီတိုင်းသားတွေကို ဂုဏ်ယူရေးသားထားသလို အနယ်နယ်အရပ်ရပ်က ကျောက်ရှာရေမဆေး ပွဲစားမကျန် လောပန်းသေး/ကြီးကအစ ကျောက်လောကသားများကိုလည်း “ထူးခြား ရှားပါး ကျောက်သမားများ”ဆိုပြီး စီနီယာများနဲ့ပေါက်ဖော်တာလောပန်းကြီးတို့ ဂုဏ်ယူကြသလို ဂုဏ်ယူရေးသားလိုက်ချင်ပါတယ်။ကျောက်သမားများအားလုံး ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနိုင်ကြပြီး ကျောက်ကြီးကျောက်ကောင်းများလည်း အောင်နိုင်ကြပါစေ။

ဪ- -ကြုံရ ဆုံရ ကျောက်လောက

စိုင်းထွေး-

Leave a Comment