ဗဟန်းမှ COVID-19ပိုးတွေ့လူနာ (Case-1077) သည် ဆေးစစ်ချက်အဖြေမထွက်မီ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ပြန်သွားခဲ့

ဗဟန်းမှ COVID-19ပိုးတွေ့လူနာ (Case-1077) သည် ဆေးစစ်ချက်အဖြေမထွက်မီ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ပြန်သွားခဲ့

လေယာဉ်ခရီးစဉ်တွင် ခရီးသည် ၉၉ ဦး အတူလိုက်ပါစီးနင်းခဲ့

ရန်ကုန်၊ စက်တင်ဘာလ ၄ ရက်။

ဗဟန်းမြို့နယ်မှ COVID-19 ပိုးတွေ့လူနာ အမျိုးသား (Case-1077)သည် ဆေးစစ်ချက်အဖြေမထွက်မီ စစ်တွေမြို့သို့ ပြန်သွားခဲ့ကြောင်း ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးထွန်းမြင့်က Myanmar Harp သို့ပြောသည်။

၎င်းသည် အခြားပိုးတွေ့လူနာ (Case-1076)ဖြစ်သည့် သံဃာတော်တစ်ပါးနှင့်အတူ စစ်တွေမြို့မှ ရန်ကုန်သို့ ဩဂုတ်၂၇ရက်တွင် လာရောက်ခဲ့ပြီး ဗဟန်းမြို့နယ်၊ရေတာရှည်လမ်းဟောင်းရှိ မင်္ဂလာကံယုံ ဘုန်းကြီးကျောင်းတိုက်၌ တည်းခိုခဲ့ကြောင်း ဦးထွန်းမြင့်က ပြောသည်။

” သူတို့ကို ရောဂါပိုးရှိ၊မရှိ စစ်ဆေးထားစဉ်ကာလအတွင်းမှာ ကျောင်းတိုက်မှာပဲ ၁၄ရက် Home Quaratine နေထိုင်ဖို့အတွက်ကို ညွှန်ကြားတယ်။ ညွှန်ကြားထားသော်လည်း ဆေးစစ်ချက် အဖြေမထွက်ခင်မှာ လူနာနံပါတ်-1077က သူ့သဘောနဲ့သူ ရန်ကုန်-စစ်တွေလေယာဉ်နဲ့ ပြန်သွားခဲ့တယ်။

ကျွန်တော်တို့ဘက်က သူ့ကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဘယ်မှ မသွားဖို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေလာရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားထားပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါပိုးတွေ့လူနာ (Case – 1077)အား စစ်တွေမြို့တွင်သာ ဆေးကုသမှု ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၎င်းပြန်သွားခဲ့သည့် လေယာဉ်ခရီးစဉ်တွင်လည်း လူ ၉၉ဦးပါဝင်ခဲ့ကြောင်း ဦးထွန်းမြင့်က ပြောသည်။

အဆိုပါပိုးတွေ့လူနာနှစ်ဦးနေထိုင်ခဲ့သည့် မင်္ဂလာကံယုံကျောင်းတိုက်နှင့် လမ်းအား စက်တင်ဘာ ၃ရက် ညပိုင်းတွင် lockdown ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်တွင်လည်း အဆိုပါ ဗဟန်းမြို့နယ်၊ရေတာရှည်လမ်းဟောင်းတွင် ခွင့်ပြုချက်မဲ့ ရောင်းချနေသည့် လမ်းဘေးဈေးသည်များကို အသိပေးရှင်းလင်း၍ ဖယ်ရှားခဲ့ကြောင်း ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မင်းမောင်/Myanmar Har

Credit

Leave a Comment