ကမ္ဘာ့အမျိုးသားလူဦးရေ (၁၆)သန်းဟာ မွန်ဂိုဘုရင်ဂျင်ဂျစ်ခန် သွေးနှောကြောင်း သိရ

(၁၃)ရာစုကနေ (၁၄)ရာစုအတွင်းရှိခဲ့တဲ့ မွန်ဂိုအင်ပါယာဟာ ကမ္ဘာ့သမိုင်းမှာ သိမ်းပိုက်နယ်မြေတွေအချင်းချင်း ထိစပ်နေတဲ့ အကြီးမားဆုံးအင်ပါယာကြီးတစ်ခုဖြစ်ပါတယ်။ အင်ပါယာထူထောင်သူခေါင်းဆောင် ဂျင်ဂျစ်ခန်ဟာ မယားပေါင်းများစွာယူပြီး ကလေးတွေ အမြောက်အမြားမွေးခဲ့သူလည်း ဖြစ်ပါတယ်။ (၂၀၁၃)မှာပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသားဦးရေ(၁၆)သန်းဟာ ဂျင်ဂျစ်ခန်က ဆင်းသက်လာတဲ့ သားစဉ်မြေးဆက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီထက်ပိုပြီး အံ့သြစရာကောင်းတာတစ်ခုက ယခင်မွန်ဂိုအင်ပါယာထဲမှာ နေထိုင်နေကြတဲ့ အမျိုးသားဦးရေ(၈)ရာခိုင်နှုန်းလောက်မှာ ဂျင်ဂျစ်ခန်နဲ့ ဆက်နွယ်နေတဲ့ Y ခရိုမိုဇုန်းတွေ ရှိနေတာကို တွေ့ကြရပါတယ်။ မွန်ဂိုအင်ပါယာဟာ တရုတ်ကနေ အီရန်နိုင်ငံ၊ ရုရှားရဲ့အစိတ်အပိုင်းအချို့တိုင်အောင် လွှမ်းမိုးအုပ်ချုပ်ခဲ့ပါတယ်။ ဂျင်ဂျစ်ခန်ဟာ မွန်ဂိုလီးယားမှာ (၁၁၆၂)ခုနှစ်တုန်းက မွေးဖွားခဲ့ပါတယ်။ အသက်(၁၆)နှစ်အရွယ်မှာ ပထမဆုံး အိမ်ထောင်ပြုခဲ့ပါတယ်။

ခန်ရဲ့မိဖုရားခေါင်ကြီး ဘော့တေးဟာ မွန်ဂိုအင်ပါယာကိုအမွေဆက်ခံမယ့် သားလေးယောက်မွေးဖွားခဲ့ပါတယ်။ ဂျင်ဂျစ်ခန်လက်ထက်မှာ မွန်ဂိုစစ်တပ်ကြီးဟာ အာရှတစ်ခွင်ကို ကြမ်းကြုတ်စွာနဲ့ ဖြန့်ကျက်သိမ်းပိုက်ခဲ့ပါတယ်။ ခန်လက်ထက် စစ်ပွဲတွေအတွင်းမှာ လျင်မြန်လှတဲ့ မွန်ဂိုမြင်းစီးစစ်သည်တွေဟာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။

ဂျင်ဂျစ်ခန်နဲ့ မွန်ဂိုစစ်တပ် ကျင့်သုံးတဲ့ နည်းလမ်းတွေကတော့ လူမဆန်ပဲ ရက်စက်ရိုင်းစိုင်းလွန်းပါတယ်။ မြို့တစ်မြို့ကိုသိမ်းပိုက်ပြီးပြီဆိုတာနဲ့ မွန်ဂိုတွေတွေဟာ မြို့ထဲမှာရှိတဲ့ လူတွေနဲ့တိရစ္ဆာန်တွေကို အကုန်သတ်ဖြတ်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ လူတွေကိုတော့ ဓားပြတိုက်ပြီး ပစ္စည်းတွေသိမ်းယူတာနဲ့ အမျိုးသမီးတွေဆို မတော်မတရား ပြုကျင့်တာတွေလုပ်ကြပါတယ်။

တိုက်ပွဲတွေ ဆက်နေတဲ့အခါ အချို့လူတွေကို လူဒိုင်းသဖွယ် ရှေ့ကကာခိုင်းပြီး အသုံးချကြပါတယ်။ နယ်မြေတစ်ခုကိုသိမ်းပိုက်ပြီးပြီ ဆိုတာနဲ့ ဂျင်ဂျစ်ခန်ဟာ သူ့စိတ်ကြိုက် အမျိုးသမီးတွေကို ရွေးချယ်ပြီး မောင်းမဆောင်ထဲကို သွတ်သွင်းစေပါတယ်။ အချို့ကလည်း ဂျင်ဂျစ်ခန်ဟာ နေရာဒေသအသီးသီးက အမျိုးသမီးပေါင်း(၁,၀၀၀) ကျော်ကိုကိုယ်ဝန်တည်စေခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ခန်ဟာ (၁၂၂၇)ခုနှစ်မှာသေဆုံးခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကတော့ ပင်ပန်းနွမ်းနယ်မှုကြောင့်လား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာကြောင့်လားဆိုတာ မသိရပါဘူး။ ဂျင်ဂျစ်ခန်ရဲ့သားတစ်ဦးဟာဆိုရင် မယားတွေ၊ အမြှောင်မယားတွေနဲ့တင်ပဲ မွေးထားတဲ့ သားအယောက်(၄၀) လောက်ရှိတယ်လို့သိရပါတယ်။ အာရှတိုက်ရဲ့ အစိတ်အပိုင်းတော်တော်များများနဲ့ အရှေ့ဥရောပတိုက်အထိ အာဏာဖြန့်ကျက်နိုင်ခဲ့တဲ့ ဂျင်ဂျစ်ခန်ရဲ့မျိုးရိုးအမွေကို သားတွေကလည်း ကလေးတွေအများကြီးမွေးပြီး မျိုးရိုးဆက်လက်ပြန့်နှံ့စေခဲ့ကြတယ်လို့ယူဆရပါတယ်။

#MTKChannel

Leave a Comment