သြစတြေးလျတောမီးဒဏ်ခံစားခဲ့ရသူတွေအတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တဲ့ Thor မင်းသား

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစတင် လောင်ကျွမ်းခဲ့တဲ့ သြစတြေးလျတောမီးဟာ အခုအချိန်ထိ မရပ်တန့်သေးပါ ဘူး။ အဲဒီအတွက် မီးသတ်သမားတွေ ထိခိုက်ဒဏ်ရာရကြသလို ရှားပါးတိရိစ္ဆာန်တွေအပါအဝင် သန်းနဲ့ချီတဲ့ တိရိစ္ဆာန်တွေလည်း သေကြေပျက်စီးကြရပါတယ်။ အဲဒီအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီနေကြသလို နာမည်ကျော်အနုပညာရှင်တွေကလည်း ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေကြပါတယ်။

Loading...

အဲဒီလိုကူညီလှူဒါန်းကြတဲ့ အနုပညာရှင်တွေထဲမှာ Thor မင်းသားအဖြစ်လူသိများတဲ့ နာမည်ကျော် သြစတြေးလျမင်းသားချော ခရစ်ဟမ်းစဝေါ့သ် (Chris Hemsworth) လည်း ပါဝင်ပါတယ်။ အသက် ၃၆ နှစ် အရွယ် မင်းသားချောနဲ့ သူ့ရဲ့မိသားစုဟာ သြစတြေးလျတောမီးဒဏ်ကို ခံစားခဲ့ကြရတဲ့ ဒေသတွင်းနေထိုင်သူ တွေနဲ့ မီးသတ် သမားတွေအတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဟမ်းစဝေါ့သ်ဟာ အဲဒီလိုသူ့ရဲ့လှူဒါန်းမှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Instagram စာမျက်နှာကနေတဆင့် အသိပေးကြေညာခဲ့တာပါ။ သူဟာ သြစတြေးလျမှာလောင်ကျွမ်းနေတဲ့ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များပြားကြောင်း၊ မီးကဆက်လက်လောင်ကျွမ်းနေပြီး ရာသီဥတုကလည်း ပူနွေးနေတာကြောင့် တကယ်ကို ခက်ခဲတဲ့ အချိန်ဖြစ်ကြောင်းတို့ကို ဗီဒီယိုကနေတဆင့် ပြောကြားထားပါတယ်။

ဒါ့ပြင် သူက “ကျွန်တော်တို့ လိုအပ်နေတာက ခင်ဗျားတို့ရဲ့ထောက်ပံ့လှူဒါန်းမှုပါပဲ။ ကျွန်တော်က ဒေါ်လာ တစ်သန်း လှူဒါန်းသွားပါမယ်။ ခင်ဗျားတို့အားလုံးလည်း တစ်နည်းမဟုတ်တစ်နည်း ပါဝင်လှူဒါန်းကြမယ်လို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။ လှူဒါန်းလိုက်တဲ့ ငွေတွေဟာ ရှေ့တန်းမှာရင်ဆိုင်နေရတဲ့ သူတွေ၊ မီးသတ်သမားတွေ၊ တောမီးဒဏ်ခံစားနေရ သူတွေဆီ တိုက်ရိုက်ရောက်ရှိသွားမယ့်အကြောင်း၊ အခုအချိန်မှာ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေကြောင်းကို လည်း သူက ပြောခဲ့ပါတယ်။

သြစတြေးလျတောမီးအတွက် ဆုတောင်းပေးခဲ့ကြသူတွေနဲ့ လှူဒါန်းခဲ့ကြသူတွေကို အထူးကျေးဇူးတင်ပါ ကြောင်းကိုလည်း သူက ထပ်ပြောထား ပါတယ်။ ဟမ်းစဝေါ့သ်ဟာ သူအဲဒီလိုပြောထား တဲ့ ဗီဒီယိုကို “အားလုံးပဲ မင်္ဂလာပါ၊ ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း သြစတြေးလျတောမီးကို ငြိမ်းသတ်ဖို့ ကူညီထောက်ပံ့ချင်ပါတယ်” ဆိုတဲ့ caption နဲ့အတူ အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထောက်ပံ့လှူဒါန်းမှုတွေဟာ တောမီးကို ချက်ချင်းရပ်တန့်မသွားစေပေမဲ့ မီးငြိမ်းသတ်ဖို့အတွက် အထောက်အကူ ဖြစ်စေသလို၊ တောမီးကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် အများကြီးအထောက်အကူဖြစ်စေ မှာ ဖြစ်ပါတယ်။ ဟမ်းစဝေါ့သ်လိုပဲ အဆိုတော် Pink နဲ့ မင်းသမီးကြီး Nicole Kidman တို့လို နာမည်ကျော် အနုပညာရှင်များစွာကလည်း ထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။

Credit to We Media